ဝန်ဆောင်မှု ဌာန : 09 977 202 170 , 09 977 202 171 , 09 977 202 172

ခိုင်ခိုင်ကျော် ထမင်းဆိုင် အကြောင်း အင်တာဗျုး

ဆိုင်စဖွင့်တဲ့ ခုနှစ် နဲ့ ဆိုင်ဖွင့်ဖြစ်ပုံ
၂၀၀၄ ခုနှစ်တုန်းက ပါရမီလမ်း နှင့် ဝေဇယန္တာလမ်းထောင့်မှာ ဆိုင်စဖွင့်ပါတယ်။ ဆိုင်မဖွင့်ခင် နှစ်နှစ်လောက်မှာ ရန်ကုန်ကို ချိုင့်တွေ စပြီး ပို့ပါတယ်။ တစ်ခု ရှိတာ က ပိုက်ဆံအရင်ပေးပြီးတော့ ချိုင့်ယူရတာ ဖြစ်တဲ့ အတွက် မြည်းလို့မရဘူး ။ အဲဒီတော့ အရသာလေး မြည်းချင်တယ်။ မြည်းပြီးတော့ မှ မှာမယ် ဆိုတာရှိတာတယ်။ အဲဒါနဲ့ ပဲ ဆိုင် ဖွင့်ဖို့ စိတ်ကူးရခဲ့တာပါ ။

ဝန်ထမ်းအင်အား
ချိုင့်ဆွဲတွေကို ရှိတဲ့ ဝန်ထမ်းလေးယောက် နဲ့ စပို့ခဲ့ပါတယ်။ ချိုင့်ဆွဲ ကို နှစ်နှစ်လောက် လုပ်ခဲ့တဲ့ အတွေ့အကြုံ အရ ကိုယ်နဲ့ အတူလုပ်နေတဲ့လူတွေ၊ ချက်နေပြုတ်နေတဲ့ လူတွေရဲ့ မိသားစုဆန်တဲ့ စိတ်ဓါတ်က အရေးကြီးတဲ့ အခန်းကဏ္ဏ က ပါခဲ့ပါတယ်။ သူတို့တွေက ကိုယ် နဲ့ လက်တွဲဖို့ ရင်းရင်းနှီးနှီး ရှိလာတာရယ်၊ ကိုယ်ကလည်း သူတို့ အပေါ်မှာ ယုံကြည်စိတ်ချမှုတွေ ရှိလာတာကို အကြောင်းပြုပြီး ဆိုင်ဖွင့်ဖို့ အတွက် ဝန်ထမ်းကို စစုခဲ့ပါတယ်။
ဆိုင် စဖွင့်ဖွင့်ချင်းမှာ အခုလက်ရှိ စိတ်ချနေရပြီ ဖြစ်တဲ့ ဝန်ထမ်းအယောက် အစိတ်လောက် နဲ့ စခဲ့တာပါ။ လက်ရှိမှာတော့ နှစ်ဆိုင်ပေါင်း ဝန်ထမ်း ၁၂၀ လောက်ရှိနေပါပြီ။


ဆိုင်တိုးချဲ့ဖွင့်လှစ်ခဲ့ပုံ
ဆိုင်ဖွင့်ပြီးတော့ နှစ်နှစ်လောက်အကြာမှာ ဘေး က အခန်းတစ်ခန်းကိုပါ ထပ်ချဲ့နိုင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာကျတော့ တက္ကသိုလ်ရိပ်သာလမ်းက ဆိုင်ကို ဆိုင်ခွဲ အနေနဲ့ ထပ်ဖွင့်ဖြစ်ပါတယ်။ ပင်ရင်းဆိုင်မှာတော့ ကျွန်မ က အဓိက ဦးဆောင်လုပ်ပါတယ်။ ဆိုင်ခွဲမှာတော့ သမီးက ဦးဆောင်ပြီး အမျိုးသား က ကြီးကြပ်ပါတယ်။

ဆိုင်ရဲ့ ထူးခြားချက် နဲ့ သတိပြုသင့်တာတွေ
ချိုင့်တွေ ပို့တဲ့ အခါ ရက်သတ္တပတ် အတွက် ဟင်းစာရင်း အရင်ပေးပါတယ်။ ပြီးတော့ မှ စာရင်းအတိုင်း အဲဒီဟင်းတွေကို နေ့အလိုက် ချက်ပေးတယ်။ ဧည့်သည်တွေ က သူတို့ ချိုင့်ထဲ ကို ထည့်တဲ့ ဟင်းတွေ က အကျန်တွေ ထည့်တာလား၊ သန့်သန့်ရှင်းရှင်းကော ဖြစ်ရဲ့လား၊ စိတ်ချ ရရဲ့လား ဆိုတဲ့ သူတို့ စိတ်ထဲက မေးချင်တဲ့ မေးခွန်းတွေ အတွက်လေ့လာချင်တယ်ဆိုရင် ကျွန်မတို့ က မနက် ခုနှစ်နာရီခွဲကနေ ရှစ်နာရီ ၄၅ မိနစ် အချိန်တွင်းမှာ လာလေ့လာဖို့ အချိန်အဖြစ်သတ်မှတ်ပေးထားပါတယ်။ ကြည့်ပြီး အကဲဖြတ်ပြီး စိတ်ကြိုက်ဖြစ်တော့မှ မှာနိုင်အောင်ပါ။
ဘာကြောင့်လဲ ဆိုတော့ ထမင်းဟင်းချက်တယ် ဆိုတဲ့ အလုပ်ဟာ စားသုံးသူ ရဲ့ မျက်စိနောက်ကွယ်မှာ လုပ်တာဖြစ်တဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် သံသယ ရှိနိုင်တယ်။ စားတဲ့လူတွေ ပိုပြီး ယုံကြည်စိတ်ချမှုရှိအောင် အဲဒီလို လေ့လာတဲ့ အချိန်ဟာ တစ်မြို့လုံး အတွက် ချိုင့်ထည့်တဲ့ အချိန်မို့ပါ။
ကြိုတင် ဟင်းစာရင်း ပေးထားတဲ့ အတွက်ကြောင့် ဒီနေ့ မှာ ဒီဟင်းဝယ်ပြီး ချက်တယ်ဆိုတာမျိုးက ပိုပြီး ပေါ်လွင်စေပါတယ်။ ဘာဖြစ်ဖြစ် အဆင်ပြေတဲ့ ဟင်း ထည့်ပေးတယ် ဆိုတာထက် မနက်ဖြန်အတွက် ဘာဟင်းလဲဆိုတာကို ဒီနေ့ကတည်းက စားသုံးသူတွေ ကြိုပြီး စိတ်ကူးယဉ်လို့ ရသလို တစ်ဖက်ကလည်း လေးစားမှုထားတဲ့ အနေနဲ့ တစ်ပတ်စာကို ကြိုပြီးတော့ အစီရင်ခံထားတဲ့ သဘောလည်း သက်ရောက်ပါတယ်။


ကုန်ကြမ်းစဝယ်ချိန်မှာ အရည်အသွေး အကောင်းဆုံးကုန်ကြမ်း ကို သုံးဖို့ လိုပါတယ်။ ဥပမာ - တစ်ထောင်တန် ၊ နှစ်ထောင်တန် ၊ သုံးထောင်တန် ရှိတယ် ဆိုရင် စားသုံးသူ အတွက် သုံးထောင်တန်ပဲ ဖြစ်ရမယ်။ အရည်အသွေး အားဖြင့် ညီမျှတဲ့ တန်ဖိုးအမြင့်ဆုံးကို ပဲ ဝယ်ပါတယ်။ အသီးအရွက်၊ ဆန် ဆိုရင်လည်း ဒီအတိုင်းပဲပေါ့နော်။ ဆီဆိုရင် တော့ ပဲဆီ တစ်မျိုးထဲ သုံးခဲ့တာပါ။
ချက်လိုက်တဲ့ ဟင်းတိုင်းက ရောင်းဖို့ မဟုတ်ဘူး။ သူရဲ့ အရည်အသွေး မမီတဲ့ ဟင်းတွေ ရှိကောင်းရှိနိုင်မယ်။ ဥပမာ - တူးသွားတာတို့ ၊ ငါးဆိုလည်း ဒိုက်စော်နံတာတို့ ၊ အသားဆိုလည်း ချက်လိုက်ပြီးမှ လက်ဆက်မှု နည်းတယ် ဆိုတာမျိုးဖြစ်လာရင် ချက်လိုက်တဲ့ ဟင်း အရသာတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့ အဖွဲ့လေးရှိတယ်။ အဲဒီ အဖွဲ့လေး ကနေ ထွက်လာတဲ့ ဟင်းတိုင်းကို အကုန်လုံး မြည်းရတယ်။ မြည်းပြီးလို့ အားလုံး က ပုံမှန်အတိုင်းပဲ ဖြစ်တယ် ဆိုတော့မှ ဒါရောင်းဖို့ အဆင့်မီတယ်လို့ သတ်မှတ်ပါတယ်။

နောက်တစ်ခု က အရည်သောက်ကိစ္စပါ။ စားသုံးသူတွေ အတွက် အရည်သောက် ထည့်ပေးပြီးလို့ စားတဲ့လူက မကုန်ရင် အိုးထဲ ပြန်ရောပြီး ရောင်းတာမျိုး၊ အနှစ်ကျန်တယ်ဆိုရင်လည်း ရောရောင်းတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ကိုယ်စားပြီးသား ဇွန်းတွေနဲ့ ခပ်တယ် ဆိုရင် ဟင်းအနှစ်တွေက မသန့်တော့ဘူး။ ဒါဆိုရင် ကျွန်မတို့ က ဒါကို ပယ်တဲ့ အထဲ ထည့်ပေးထားတယ်။

နောက်ပြီးတော့ ရေ အသုံးပြုတဲ့ စနစ် ။ စားသောက်ဆိုင်တော်တော်များများ မှာ ရေသုံးတဲ့ စနစ်တွေ က ရောနေတာတွေ ရှိတယ်။ ရေချိုးလည်း ဒီထဲက ၊ အိမ်သာသုံးလည်း ဒီထဲက ၊ ချက်တာပြုတ်တာလည်း ဒီရေကန်တစ်ကန်ထဲကပဲ။ လောလောဆယ်ဆယ်မှာ အစားအသောက်တွေကို မီးအပူပေးပြီးချက်တယ် ဆိုပေမယ့်လည်း ဧည့်သည် အတွက် မွန်မွန်မြတ်မြတ် မဖြစ်ဘူးပေါ့။ ကျွန်မတို့ အနေနဲ့ ကတော့ ဒီလို အချက်တွေ လည်း သတိထားပြီးလုပ်ပါတယ်။ အသီးအရွက် ဆေးမယ်ဆိုလည်း သီးသန့် ရေတိုင်ကီ ထားပါတယ်။ ဟင်းချက်တာလည်း သီးသန့်ပါပဲ။

နောက်တစ်ခု က ပန်းကန်သိမ်းဆည်းမှုစနစ်။ ဥပမာ- ရေနွေးတစ်ခွက်လာချရင် ဒီရေနွေးခွက် က သန့်ရဲ့လား၊ ဝန်ထမ်းတွေ များ သောက်ထားလား၊ ကလေးတွေများ သောက်ထားလား၊ ညစ်ညစ်ပတ်ပတ်လား။ ပထမ လူ သောက်သွားတာကြီးများ ငါ့ကို လာချပေးတာလား ဆိုတာ စားသုံးသူတိုင်းသိချင်တယ်။ ဒါကြောင့် ဒါတွေကို ဧည့်သည်တွေ မြင်နိုင်တဲ့ နေရာမှာပဲထားတယ်။ ရေနွေးခွက်တွေ ဘယ်လိုထားလဲ။ ဟင်းတွေ ဘယ်လိုထည့်လဲ ။ ဟင်း ထည့်တဲ့ ပန်းကန်တွေ ၊ ထည့်တဲ့ နေရာ ရဲ့နောက်မှာ ပန်းကန်တွေ ၊ အရည်သောက်ပန်းကန်တွေ ၊ ဇွန်းတွေ ၊ သူနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ ထားတဲ့ နေရာ၊ ရေနွေးခွက်တွေ ထားတဲ့ နေရာ၊ ငပိရည် တို့စရာ ပြင်တဲ့ နေရာ ဒါတွေ အားလုံးကို ဧည့်သည်တွေ မြင်နိုင်တဲ့ နေရာမှာပဲ ထားပါတယ်။ မီးဖိုချောင်လဲ ဒီအတိုင်းပါပဲ။


ကားပါကင် ၊ အိမ်သာတွေ ကလည်း သန့်ရှင်းနေဖို့ လိုတယ်။ နောက်တစ်ခု က ထမင်းစားပြီးရင် စားလေ့ရှိတဲ့ လက်ဖက်ကို မြန်မာပြည် အနှံမှာ လက်ဖက်အစ်လေး နဲ့ ထည့်စားကြတယ် ။ စားတဲ့ လူက စားပြီးသွားရင် ဒီအစ်အတိုင်း နောက်လူကို ဧည့်ခံမယ်၊ စားပြီးသား ဇွန်းနဲ့ ပဲ ။ ဒါမှ မဟုတ် ဇွန်းပြောင်းရင် ပြောင်းလိုက်မယ်။ အုပ်ထဲ က ကျန်တဲ့ လက်ဖက်ကတော့ စားပြီးသား လက်ဖက်ပဲကျန်တယ်။ အသစ်တော့ မဖြစ်နိုင်ဘူး။ အဲဒီအတွက် ကျွန်မတို့ ဆီမှာ စနစ်တစ်ခု လုပ်ထားတယ်။ စားသုံးသူ အပေါင်း သန့်ရှင်းစေဖို့ လက်ဖက်စားပန်ကန်ထဲ ကို ကိုယ်ကုန်သလောက်ထည့်ပြီး သုံးဆောင်ဖို့ မေတ္တာရပ်ခံထားတယ်။

နောက်တစ်ခု ကတော့ တို့စရာ နဲ့ မှန်အိုးပေါ့ ။ အသီးအရွက်တွေ ဒီအိုးထဲကို ထည့်ပြီး ရေနွေးစိမ်လို့ ရအောင်ပါ။ တချို့ ပြုတ်ပြီးသားတို့ စရာတွေ ပါပေမယ့် ဒီအရွက်တွေကို ကိုင်ထားတာ သန့် ရှင်းမှုရှိရဲ့လား ၊အခြားဓာတုပစ္စည်းတွေ ပါလား လို့ သံသယ ဝင်ရင် အသီးအရွက်တွေကို ရေနွေးထဲ ထည့်တယ်။ ပြီးမှ ဆယ်စားနိုင်တယ်။ အဲဒီ အလေ့အကျင့် လေးကို ဆိုင်ရဲ့ ထူးခြားချက်အနေနဲ့ လုပ်ထားတယ်လို့ ပြောရပါမယ်။
 ငပိထောင်းပန်းကန်ဆိုရင်လည်း ကုန်သလောက်ပဲ Packing လုပ်ထားတယ်။ ငပိရည်ဆိုရင်လည်း ဒီအတိုင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက် လက်နဲ့ နှိုက်တာမျိုးတွေ မဖြစ်ရဘူး။ နောက်တစ်ခု ကတော့ တစ်ခါသုံးလက်အိတ်တွေ သုံးရပါတယ်။


ဟင်းတွေ စုံတာကတော့ မနက်၁၁ နာရီ လောက်က စုံတယ်။ မြန်မာထမင်းဆိုင် ရဲ့ အနေအထား က မနက်ပိုင်းဆို ဟင်းပွဲ အစုံဆုံး၊ နေ့ခင်းပိုင်းဆို နည်းလာပြီ၊ ညပိုင်းဆိုရင် ဟင်းပွဲတွေ ထဲမှာ ဟင်းတွေ လုံးဝမရှိရတော့ဘူး ။ ရှိရင်လဲ နှစ်ပွဲကျန် ၊ သုံးပွဲကျန်၊ လေးပွဲကျန်ပဲ။ မနက်လည်း ဗန်းထဲမှာ အပြည့် ၊ ညနေလည်း ဗန်းတွေ မှာ အပြည့်ဆို မဟုတ်သေးဘူး။ ကျန်တဲ့ ဟင်းကို နောက်နေ့ ဆက်ရောင်းတာ မြန်မာထမင်းဆိုင် အတွက် အဓိက အမှားပဲ ။ စားသုံးသူကို လိမ်လို့ မရဘူး။ အဲဒီလို အကျန်တွေ ရောင်းရင် နောက်တစ်ခါ ဗိုက်ဆာတဲ့ အခါ ဒီလို ဆိုင်ကို မဝင်တော့ဘူး။

စားသုံးသူ ခံတွင်းလိုက်စေဖို့ ရာသီစာလေးတွေ ကိုတော့ အကောင်းဆုံး လုပ်ပေးဖို့ လိုပါတယ်။ မကျည်းရွက်ဆို မကျည်းရွက်၊ သရက်သီး ဆို သရက်သီး၊ သရက်သီးထောင်း စသဖြင့်ပေါ့။ နေပြင်းတဲ့ အချိန်ဆို လူတွေ က အချဉ်ပါတာလေးတွေ ပိုစားချင်ကြတယ်။ ဒီအတွက် ရာသီစာကို သတိထားလုပ်ပေးဖို့ လိုပါတယ်။

ကူးစက်ရောဂါတွေ အတွက်လည်းစိတ်ချရအောင်
ကူးစက်ရောဂါ တွေနဲ့ ပတ်သတ်ပြီး စိတ်ချရစေဖို့ လည်း အစားအစာတွေကို ကိုင်တဲ့ လူတိုင်း ၊ဝန်ထမ်းတိုင်း ရဲ့ ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကို ကျွန်မတို့ ဆီ မှာ စနစ်တကျထားတယ်။ ချက်ပြုတ်တဲ့ လူတွေ နဲ့ ပတ်သက်လို့ ကျန်းမာရေး စစ်ဆေးချက်တွေကို အချိန်မရွေး ဝင်လေ့လာလို့ ရတယ်။ မြို့နယ် စည်ပင် က စစ်ဆေးချက်တွေ အပြင် SSC ဆေးခန်း က စစ်ဆေးချက်တွေ လည်း ယူတာမို့ ကုန်ကျစရိတ်အနေနဲ့ ဝန်ထမ်းတစ်ယောက်ကို ငါးသောင်းကျော်လောက်ရှိတယ်၊။ အဓိက ကတော့ ဘီပိုး၊ တီဘီ၊အဆုတ်ရောဂါ စသဖြင့် ကူးစက်ရောဂါ တွေ အတွက် စိတ်ချ ရအောင်ပါ။ အဲဒီလို ဖြစ်ခဲ့တဲ့ ဝန်ထမ်းတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် သူတို့ ကို ဆေးဆက်ကုခိုင်းပြီး အလုပ်ကနေ အနားပေးလိုက်ရတယ်။ အသစ်ဝင်တဲ့ဝန်ထမ်းတွေ ဆီမှာ ဒီလို ကူးစက်ရောဂါတွေ ရှိလို့ ထုတ်ခဲ့ ရတာမျိုး ကျွန်မတို့ ဆီမှာ မှတ်တမ်းတွေ ရှိတယ်။

အရေးကြီးဆုံးအချက်
ကျွန်မတို့ ဆိုင်မှာတော့ ဆိုင်သန့်ရှင်းမှုအတွက် ဝန်ထမ်းတွေကို ဆုပေးဒဏ်ပေးစနစ်နဲ့ လုပ်ထားပါတယ်။ ဥပမာ- စဉ်းတီတုန်း ဆိုရင် အလေးကြီးတွေ သုံးပေမယ့် နေရာရွေ့မှ သန့်တာ။ နေရာမရွေ့ဘဲ အသေထားရင် ညစ်ပတ်မယ်။ အဲဒီ စနစ်တွေကို ကျွန်မတို့ ဆိုင်တိုင်းမှာ လုပ်ထားတယ်။ ညဆိုင် သိမ်းပြီးရင် သေချာဖုံးအုပ်ပြီးမှပဲ ဝန်ထမ်းတွေ ပြန်ကြတယ်။ ဝန်ထမ်းတွေကို ပိုးဟပ်ဖမ်းတဲ့ အဖွဲ့၊ ကြွက်ဖမ်းတဲ့ အဖွဲ့ လေးတွေ ဖွဲ့ပေးထားတယ်။ ကြွက်တစ်ကောင်ကို ငါးရာ၊ ပိုးဟပ်တစ်ကောင်ကို ငါးဆယ် စသဖြင့်ပေါ့။ ဒီတော့ ကြွက်တွေ ၊ ပိုးဟပ်တွေ မရှိဘူး မဟုတ်ပေမယ့် နည်းတယ်လို့ ပြောရမယ်။

ဧည့်သည်တွေ မငြိုငြင်အောင် ဂရုစိုက်ဖို့ လည်းလိုသေးတယ်။ ထမင်းလာစားတယ် ဆိုကတည်းက ဗိုက်ဆာလို့ လာစားတာဖြစ်တယ်။ အဲဒီအတွက် မြန်မြန်လုပ်မှ ကြိုက်တယ်။ ထမင်ဟင်းကလည်း လာမချသေးဘူး၊ ကိုယ်ကလည်း ဆာနေပြီ ဆိုရင် ဒီဆိုင်ကို နောက်တစ်ခါ လာဖို့ မသေချာတော့ဘူး ၊ ဒါကြောင့် သန့်ရှင်းမှု အပိုင်းရယ်၊ ဧည့်သည် ဧည့်ခံတဲ့ အပိုင်းရယ် အတွက် ဝန်ထမ်းတွေကို သေချာ Training ပေးရမှာပေါ့နော်။ အဓိက ကတော့ ဧည့်သည်စိတ်ကျေနပ်ဖို့ ပါပဲ။

သိုလှောင်သိမ်းဆည်းရာမှာ
အသားငါးတွေ ထားတဲ့ နေရာမှာလည်း အရေးကြီးတယ်။ ဝယ်ပြီး သိုလှောင်တဲ့ အခန်းတွေက အဆင့်မှီတဲ့ ရေခဲသေတ္တာ တွေ ဖြစ်ဖို့ လိုတယ်။ အသားငါးတွေ ရဲ့ သန့်ရှင်းလတ်ဆတ်မှုက ဒီပေါ်မှာလည်း မူတည်တယ်။


အိမ်ထမင်း နဲ့ လည်းတူအောင်
မနက်ဆို ငါးနာရီခွဲဆို ကားတွေနဲ့ ဈေးဝယ်တဲ့ အဖွဲ့တွေ က ဈေးဝယ်တယ်။ ခုနှစ်နာရီခွဲဆို ဈေးပြန်ရောက်တယ်။ မြန်မာ ထမင်းဟင်း က ကိုယ့်အိမ်မှာဆို ကိုးနာရီလောက်ထဲ က ချက်ပြုတ်ပြီ၊ ကျက်ပြီ၊ ဆယ်နာရီခွဲလောက်ဆို မိသားစုတွေ ထမင်းစားမယ်ဟေ့ ဆိုပြီး ချက်တာနဲ့ စားတာဟာ အချိန် တစ်နာရီခွဲ နှစ်နာရီ အတွင်း လောက်မှာ ပဲ ဖြစ်တဲ့ အခါ ကျတော့ အရည်သောက်ကလေး ကလည်း အရွက်တွေ မကျသေးဘူး။ သေချာပူပူလေး စားရင် အနံ အရသာလေး ရှိတယ်။ အသား ရဲ့ အရသာ ကလည်း မနက် ကမှ အိမ်ကလူ ဈေးသွားဝယ်တယ် ။ ချက်တဲ့ အခါ ကျတော့ လတ်ဆတ်တယ်။ မြန်မာထမင်း ဟာ အဲဒီဟာမျိုး ရှိနေရမယ်။
နောက်တစ်ခုက အရည်သောက်တွေ ၊ အရည်သောက်တွေ မနက်ကနေ ညနေထိ တစ်အိုးကြီးချက်ထားရင် အရည်သောက်ရဲ့ ပုံပန်းသဏ္ဍာန်ရော၊ အရသာရော လုံးဝပြောင်းလဲသွားတယ်။ အိမ်မှာ စားရတဲ့ပုံစံမျိုး၊ အိမ်ရဲ့ဓလေ့ ကိုယ့်အမေချက်တဲ့ပုံစံမျိုး၊ လက်ရာမျိုး လုံးဝမမီနိုင်ဘူး။ ချက်ချင်းချက်၊ ချက်ချင်းစားတဲ့အတွက်ကြောင့် ကျွန်မတို့ဆီမှာဆို တစ်နာရီခွဲ တစ်ခါလောက် အရည်သောက် ပြောင်းတယ်။ အရည်သောက်က မနက်အရည်သောက်နဲ့ ညနေအရည်သောက် မတူအောင် စားနေရင်းနဲ့ကို ဧည့်သည်တွေ များနေတဲ့ အချိန်ဆို ဘူးသီးဟင်းခါး၊ ဘူးသီးဟင်းခါး ပြတ်သွားပြီဆို ကင်ပွန်းချဉ်ဟင်း၊ ကင်ပွန်းချဉ်ဟင်းကုန်ရင် သနပ်နဲ့ မန်ကျည်းရွက်ဟင်း စသဖြင့် လိုက်ပြောင်းပေးရတယ်။ ဒါဟာစားသုံးသူကို လတ်လတ်ဆတ်ဆတ် စားစေချင်တဲ့ စေတနာပါ။ စားတဲ့လူ တော်တော်များများက မြန်မာထမင်းဟင်းရဲ့ အရသာက ဘယ်လိုဆိုတာ သိနေပြီးဖြစ်တော့ အိမ်ပုံစံ ဖြစ်ဖို့ကချက်တဲ့လူက စီစဉ်သူက အဓိက အရေးကြီးဆုံးပဲ။

အချိန်ယူပြင်ဆင်ခဲ့ရမှု
    ဒီစနစ်တွေ တည်ဆောက်ဖို့နဲ့ ဒုတိယ ဆိုင်ဖွင့်နိုင်ဖို့ ဘယ်လောက် အချိန်ယူရလဲဆိုရင် ဒီဆိုင်မဖွင့်ခင် လေးလငါးလလောက်ထဲက ဒီဆိုင်မှာနေမယ့် ဝန်ထမ်းငါးဆယ်လောက်ကို ဟိုဘက်ဆိုင်မှာ Training သဘောမျိုးနဲ့ယောကျ်ားလေးအဆောင်၊ မိန်းကလေးအဆောင် သီးသန့်ထားပြီးတော့ ကိုယ့်အချိန်နဲ့ကိုယ် တာဝန် ယူခိုင်းပါတယ်။ အဓိကကတော့ မူရင်းဆိုင်ရဲ့ ဆိုင်ခွဲဖြစ်တဲ့ အတွက်ကြောင့် ဟိုဆိုင်နဲ့ အရသာရော ဝန်ဆောင်မှုနဲ့ သန့်ရှင်းမှုပါ ထပ်တူဖြစ်ဖို့ အရေးကြီးပါတယ်။ အအေးတို့၊ လက်ဖက်တို့ ၊ ဒီဟင်းထည့်တာတို့ ၊ တို့စရာ
တို့ထည့်ပေးတဲ့ ကလေးတွေကတော့ နှစ်ဆိုင်ခွဲ ရမှာဖြစ်လို့ထပ်တူပေါ့။ နာရီဝက် တစ်ခါဝင်၊ တစ်နာရီ တစ်ခါဝင် Trainging သဘောမျိုး နဲ့လေးငါးလလောက် ဟိုမှာစုထားပြီး အားလုံး သေချာပြီဆိုတော့မှ ဒီဘက်ဆိုင်ကို ခွဲလိုက်ရတာ။

ဝန်ထမ်းစီမံ အုပ်ချုပ်မှုနဲ့ အရသာပိုင်း ကွပ်ကဲမှု
    ဝန်ထမ်းစီမံအုပ်ချုပ်မှုကတော့ နှစ်ဆိုင်လုံးစနစ် တစ်ခုတည်းပဲ။ အမျိုးသားက အုပ်ချုပ်မှုကို တာဝန်ယူပြီး ကျွန်မက ချက်ပြုတ်မှုအပိုင်းကို တာဝန်ယူပါတယ်။ ငါးနာရီခွဲကနေ ဈေးသွားပြီးတာနဲ့ ဟင်းတွေ စချက်ရတယ်။ ကျက်သွားပြီဆိုရင် ချိုင့်တွေထည့်တယ်။ ပြီးတာနဲ့ ကလေးတွေ အကုန်လုံးက သူ့သတ်မှတ်တဲ့နေရာကို လမ်းကြောင်းနဲ့သွားရတယ်။ ဆိုင်ကားနဲ့သွားတဲ့လူ ရှိတယ်။ ဘတ်စ်ကားနဲ့ သွားတဲ့လူ ရှိတယ်။ စက်ဘီးနဲ့ သွားတဲ့လူရှိတယ်။ လမ်းလျှောက်တဲ့လူ ရှိတယ်။
    ဒီမှာက နေမကောင်းတဲ့ရက်၊ နားချင်တဲ့ရက်မှာ နားခွင့်ရှိတယ်။ အချိန်တိုင်းမှာတော့ အလုပ်ထဲမှာပဲ အားလုံးလုပ်ရမယ်။ ဒီမှာတော့ နားချိန်ပေးတာတောင် ကလေးတွေက မနားကြဘူး။ အများစုက နယ်က ကလေးတွေ ဖြစ်နေကြတော့ သွားဖို့လာဖို့ဆိုတာလည်း သူတို့မှာ သိပ်စိတ်ကူး မရှိဘူး။ သူတို့သွားချင်တဲ့ အခါမျိုးမှာပဲ ကျွန်မတို့က ပေးသွားတဲ့စနစ်ကို လုပ်ထားတယ်။ သူတို့တွေက တာဝန်ဆိုတာထက် မိသားစုပုံစံနဲ့ အိမ်လိုပဲ။ ဝန်ထမ်းတွေကိုတော့ လစာပိုင်းတွေကအစ ဘယ်လမှာ ကျွန်မတို့ဆိုင် ဘယ်လိုဖြစ်မယ်။ မင်းတို့ရဲ့လစာ ဘယ်လောက်ဖြစ်နိုင်မယ် ဘယ်နှစ်ပိုင်းတွေမှာ ဘယ်လိုဖြစ်မလဲဆိုတာ စဆိုင်ဖွင့်ကတည်းက ဒီဝန်ထမ်းတွေနဲ့ တစ်လတစ်ခါ စကားပြောတိုင်းမှာ ကျွန်မတို့ ပြောတယ်။ ဝန်ထမ်းနဲ့ဆိုင်ရှင် အပြန်အလှန် ယုံကြည်စိတ်ချဖို့ အရေးကြီးပါတယ်။ ဒီဆိုင်တွေ အောင်မြင်တာ ဟာ ဝန်ထမ်းတွေရဲ့ တာဝန် ယူတတ်မှုကြောင့်လည်း ပါပါတယ်။
    ဟင်းအရသာတွေ ပြောင်းလဲမှု မရှိရအောင် စားဖိုမှူးတွေကို ဟင်းအမယ်စုံ မချက်ခိုင်းပါဘူး။ ဥပမာ - အသားချက်တဲ့ စားဖိုမှူးဆို အသားပဲ တောက်လျှောက် ချက်စေတာမျိုး၊ စားဖိုမှူး တစ်ယောက်ကို ဟင်းသုံးမျိုးလောက် သူ့ရဲ့ လက်အတွေ့ဆုံးဟင်းကို ချက်စေတာမျိုး လုပ်ပါတယ်။ စိတ်ရှည်တဲ့ စားဖိုမှူး အတွက်ဆိုရင် အိုးကပ်ဟင်းပေါ့။ ငါး ပုဏ္ဏား အိုးကပ်ဆိုရင် စိတ်ရှည်မှဖြစ်မှာ။ အကောင်မပျက် တောင့်တောင့်တင်းတင်း၊ သပ်သပ်ရပ်ရပ် ပုံစံလေးတွေ ဖြစ်မှ ဆိုတော့ စိတ်ရှည်တဲ့လူလည်း စိတ်ရှည်တဲ့အလျောက်ပေါ့။
    မနက် ရှစ်နာရီခွဲဆိုရင် ချက်တဲ့ဟင်းတိုင်းကို ပန်းကန်လေးတွေနဲ့အုပ်ဆောင်းနဲ့ လုပ်ပေးထားရတယ်။ ကျွန်မနဲ့ အမျိုးသားလာရင် သပ်သပ်စီ မြည်းတယ်။ ဟင်းအရသာနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာပဲ မှတ်ထားတယ်။ ဥပမာ - ဝက်သားဟင်းနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ဒွိဟဖြစ်နေရင် သူလည်း သူ့ပါးစပ်ထဲမှာ တွေ့တဲ့အရသာနဲ့ ကိုယ်လည်း ကိုယ့်ပါးစပ်ထဲမှာ တွေ့ တဲ့အရသာကို မှတ်ထားပြီး ဒီဝက်သားပန်းကန်လေးကို ထုတ်ထားလိုက်တယ်။ ပြီးရင် သူ့ကို ဒီဟင်းပန်းကန် ပြန်မြည်းခိုင်းတယ်။ အဲဒီလိုနဲ့ အရသာကို ထိန်းခဲ့တယ်။ အခုနောက်ပိုင်းမှာ အရှိန်ရလာတော့ အရသာ အကဲဖြတ်တဲ့အဖွဲ့က ဒွိဟဖြစ်တဲ့ ဟင်းကိုပဲ ကျွန်မတို့ကို ဒီအုပ်ဆောင်းလေးနဲ့ ထည့်ထားပြီးတော့ပဲ မြည်းခိုင်းတယ်။

ထူးထူးခြားခြား အမှတ်တရ
    နာဂစ်ဆိုရင် သုံးနှစ်ပြည့်ပြီပေါ့နော်။ နာဂစ်တုန်းကဆိုရင် ချိုင့်တွေကို မရောက်ရောက်အောင် ပို့ခဲ့တယ်။ နာဂစ်အတွေ့အကြုံ ဆိုရင် ခိုင်ခိုင်ကျော်သမိုင်းပဲ။ မနက်ငါးနာရီဆို လေတိုက် လို့ ကောင်းတုန်း။ပထမနေ့ ကတည်းက ဈေးဝယ်ပြီးသားတွေ ရှိတယ်။ အိမ်တွေကတော့ ထမင်းစားဖို့ မျှော်နေကြတာပေါ့နော်။ လေငြိမ်သွားချိန် နေ့လယ်မှာ ချက်ချင်းချက်။ ညနေသုံးနာရီခွဲ လေးနာရီလောက် အိမ်တွေ ရောက်အောင် ပို့တယ်။ လမ်းကြိုလမ်းကြားတွေ မဖြစ်ဖြစ်အောင် ပို့တယ်။ စားတဲ့လူတွေအတွက် ဖြစ်နိုင်တဲ့ အရာအားလုံး ကျွန်မ တို့ လုပ်ခဲ့တာပဲ။
    တချို့လည်း ထမင်းဆိုင်ကောင်းကောင်း ဖွင့်ချင်တာမျိုးရှိတယ်။ ဒါပေမဲ့အဖြစ်သဘောပဲ လုပ်ကြတာရှိတယ်။ ကျွန်မ တို့ဆိုင်ကိုဆိုင်ခွဲဖွင့်ဖို့ နေပြည်တော်ရယ်၊ မန ္တလေးရယ်မှာ ပြောထားတာရှိပေမယ့် ကိုယ့်ရပ်ကွက်ထဲ ကိုယ့်နေရာမှာ ကိုယ့်မြို့နယ်ကလူပဲ အားပေးအောင် အရင်လုပ်ရမယ်။ ပတ်ဝန်းကျင်က ယုံကြည်စိတ်ချမှုရှိမှာ လာစားမှာဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတောင် လာမစားဘဲ အဝေးကလူလာဖို့ မျှော်လို့ မရနိုင်ပါဘူး။

ဆိုင်ရဲ့ ဆောင်ပုဒ်နဲ့ထမင်းဆိုင်တစ်ဆိုင်အောင်မြင်ဖို့
    မြန်မာထမင်းဟင်းကို သပ်သပ်ရပ်ရပ်နဲ့ ဧည့်သည်အတွက် ကောင်းအောင် လုပ်ထားပြီးရင်တော့ အဲဒီ ဆိုင်အောင်မြင် ဖို့သေချာပါတယ်။ အဓိကက ကိုယ့်အကျိုးကို အရင်မကြည့်ဘဲ ဧည့်သည်အကျိုးကို အရင်ကြည့်ဖို့ပါ ။
ကျွန်မတို့ဆိုင်ရဲ့ ဆောင်ပုဒ်ကတော့ အစားအစာ အန ္တရာယ် ကင်းရှင်းရေးသည် ပထမ၊ အရသာ ကောင်းမွန်ရေး သည် ဒုတိယ ဖြစ်ပါတယ်။

    

သတင်းများ

ဝန်ဆောင်မှုများ

ချိုင့်ဆွဲ စနစ်

အသေးစိတ်ဖတ်ရှုရန်

တစ်နပ်စာ ပါဆယ် Lunch Box

အသေးစိတ်ဖတ်ရှုရန်

Copyright © Khaing Khaing Kyaw Food Center. All rights reserved. Developed by MWP